1 comments Labels:

မြေအောက်ကမ္ဘာအများစုကို မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ချိတ်ဆက် အသုံးပြုထားတာကို တွေ့ရပြီး အရောင်းဆိုင်များ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများအတွက်ကို ရည်ရွယ်တာကို တွေ့ရပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြရေစီးကြောင်းတွေထဲက တစ်ချို့ကိုမြေအောက်ကို ပို့ပြီး မျက်စိအမြင်လှစေဖို့ရာ အတွက် တည်ဆောက်သလို အမှတ်တရအနေနှင့်ရော နိုင်ငံခြားသား ခရီးသည်များကို စွဲဆောင်နိုင်စေရန် အတွက်ပါ ရည်ရွယ်တည်ဆောက်ကြတာကို တွေ့ရှိရပါတယ်။

ဘယ်နိုင်ငံတွေမှာ ဘယ်လိုရှိတယ်ဆိုတာကို ဆက်လက် ဖတ်ရှုစေလိုပါတယ်။

ပြင်သစ်

ပဲရစ်(Paris) မြို့ရှိ Forum des Halles အဆောက်အအုံမှာ အရောင်းစင်တာနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ နေရာများပါဝင်ပြီး ပဲရစ်စ်အမြန် မက်ထရို RER ပြေးဆွဲနေတဲ့ မြေအောက် ဘူတာရုံ Chatelet-Les-Halles နဲ့ချိတ်ဆက်ထားပါတယ်။



ဟောင်ကောင်

ဟောင်ကောင်ရှိ အချို့သော MTR မက်ထရို နှင့် KCR မက်ထရို ဘူတာများကို ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် အဓိက အရောင်းဈေးဆိုင်တန်းများကို ဆက်သွယ်ထားကာ မြေအောက် ကွန်ယက်များ အဖြစ် တိုးချဲ့ထားပါတယ်။ မှတ်သားဖွယ်ရာ ဥပမာအနေနှင့် Central-Hong Kong ဘူတာများ၊ MTR Tsim Sha Tsui - KCR East Rail East Tsim Sha Tsui ဘူတာနှင့် MTR Kowloon Tong - KCR Kowloon Tong ဘူတာများဖြစ်ပါတယ်။

အိန္ဒိယ

နယူးဒေလီ(New Delhi) မြို့မှာတော့ ပါလီကာဈေး (Palika Bazaar) လို့ခေါ်တဲ့ မြေအောက် အရောင်း စင်တာ တစ်ခု ရှိပြီး နယူးဒေလီရဲ့ အဓိက စီးပွားရေးစင်တာ ကွန်နောက် (Connaught Place) ရဲ့ အလယ်မှာ ရှိပါတယ်။ ဆိုင်ခန်းပေါင်း (၃၉၀)ကျော် ပါဝင်ပြီး ၀င်ပေါက်ကြီး (၇) ခုပါဝင်ပါတယ်။ လူပေါင်း (၁၅၀၀၀) ခန့်အစဉ်သွားလာ လှုပ်ရှားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

အီရန်











ကိရှ် (Kish) မြို့မှာ ဖုန်းကွယ်နေတဲ့ ပုလဲ (Hidden Pearl) ခေါ် မြေအောက်ကမ္ဘာကို မြေအောက်အနက် မီတာ (၂၀) မှာ ချိတ်ဆက်ထားတဲ့ လမ်းများနှင့် ဖောက်လုပ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကရှိခဲ့တဲ့ Payab မြေအောက် ရေမြောင်းများကို ၎င်းမြေအောက် ကမ္ဘာမှာ အနုပညာလက်ရာ မြောက်စွာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဈေးဆိုင်များနှင့် စားသောက်ဆိုင် များကိုပါ ဆောက်လုပ်ရန် လျာထားခဲ့ပါတယ်။ အီရန်လူမျိုးများရဲ့ ဆိုရိုးစကား “Hearing can never compare to seeing” အတိုင်း ယုံကြည်တယ် ဆိုရင်တော့ http://www.kishhiddenpearl.com မှာတင်ထားတဲ့ ဗီဒီယိုတွေကို ခံစား ကြည့်စေလိုပါတယ်။

ဂျပန်










ဂျပန်ရှိ မြေအောက်ကမ္ဘာများထဲက (chikagai) အကြီးဆုံး (၅) ခုကတော့ အရောင်း ဈေးဆိုင်တန်းများ ဖြစ်ပါတယ်။

တည်ရှိရာနေရာ၊ ခေါ်ဝေါ်ပုံနှင့် အကျယ်အ၀န်းကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်။

၁။ အိုဆာကာရှိ Crysta Nagahori ….အကျယ်အ၀န်း (၈၁၇၆၅) စတုရန်းမီတာ
၂။ တိုကျိုရှိ Yaesu Chikagai ….အကျယ်အ၀န်း (၇၃၂၅၃) စတုရန်းမီတာ
၃။ ကာဝါဆာကီရှိ Kawasaki Azalea ….အကျယ်အ၀န်း (၅၆၇၀၄) စတုရန်းမီတာ
၎။ နာဂိုယာရှိ Central Park Chikagai ….အကျယ်အ၀န်း (၅၆၃၇၀) စတုရန်းမီတာ
၅။ အိုဆာကာရှိ Diamor Osaka ….အကျယ်အ၀န်း (၄၂၉၇၇) စတုရန်းမီတာ




Diamor Osaka




အိုဆာကာမြို့ရှိ မြေအောက်ကမ္ဘာ ကွန်ယက်မှာ ကြီးမားကျယ်ပြန့်ပြီး အူးမီဒါ (Umeda)၊ နမ်ဘ (Namba) နှင့် ရှီဆိုင်ဘာရှီ (Shisaibashi) ခရိုင်တွေမှာ ဖောက်လုပ် ထားပါတယ်။ လက်လီ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြေအောက်ရထားလမ်းများနှင့် ဘူတာများပါဝင်ပါတယ်။

တိုကျိုမြို့မှာ မြေအောက်ရထားလိုင်းပေါင်း (၁၃) လိုင်းရှိပြီး ဘူတာများကြားမှာလည်း ဆက်သွယ်ရေး လမ်းများနှင့် ဆက်သွယ် ထားပါတယ်။ ရှင်ဂျုကူ (Shinjuku) နှင့် ရှီဘူရာ (shinbuya) ဘူတာများ မှာတော့ အရောင်းဈေးဆိုင်တန်းများ ရှိပါတယ်။ တိုကျိုမြေအောက် ဥမင်ကွန်ယက်တွေက မြို့တော်ရဲ့ megalopolis အသွင်အပြင်ကို ဆောင်ပါတယ်။

ရုရှား

မော်စကိုမြို့ရှိ အော့ခွတ်နီး ရာဒ် (Okhotnyi Ryad) မက်ထရိုဘူတာမှာ အထပ်(၄)ထပ် ပါဝင်တဲ့ မြေအောက် အရောင်း ဈေးဆိုင်တန်းတစ်ခု ရှိပါတယ်။

စင်ကာပူ

MRT (Mass Rapit Transit) ဘူတာတွေထဲကမှ မြေအောက်မှာရှိတဲ့ အဓိက ဘူတာတစ်ချို့မှာ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာ ကွန်ယက်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်။ မြေအောက်ဘူတာတွေထဲမှာ အကြီးဆုံး (၂၉၅၀၀ စတုရန်းမီတာ) နှင့် အနက်ဆုံး(၂၁ဒဿမ၃ မီတာ) ဖြစ်တဲ့ Raffles Place MRT ဘူတာမှာ ရှုပ်ထွေးတဲ့ Raffles Place ရှိအဆောက်အအုံ (၁၉) ခုနှင့် ဆက်သွယ်ထားတဲ့ မြေအောက်ကမ္ဘာတစ်ခုကို ဆောက်လုပ်ထားပါတယ်။ မြေအောက်ကွန်ယက်ကို တိုးချဲ့ရာမှာ ပထမအဆင့် အနေနှင့် ၎င်းမြေအောက်ဘူတာနှင့် One Raffles Quay ကို ချိတ်ဆက်ဖို့ ဖြစ်ပြီး Marina Bay အထိတိုးချဲ့ဖို့ အတွက်ဖြစ်ပါတယ်။ မြို့လယ်ဧရိယာ တစ်ခုလုံးမှာ မြေအောက် လူသွားလမ်းကွန်ယက် ဖောက်လုပ်ရန် အထိ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

အကျယ်အ၀န်း (၆၀၀၀၀) စတုရန်းပေရှိ CityLink အရောင်းဈေးဆိုင်တန်းကို မာရီနာစင်တာ (Marina Centre) ဧရိယာရှိ City Hall MRT မြေအောက်ဘူတာ ၊ Esplanade ပြဇာတ်ရုံတို့နှင့် ဆက်သွယ်ထားပါတယ်။ Esplanade MRT ဘူတာနှင့်လည်း (၂၀၁၀)ခုနှစ် အ၀ိုင်းပတ် MRT လိုင်းပြီးချိန်မှာ ဆက်လက် ချိတ်ဆက်သွားမှာဖြစ်ပါတယ်။

Orchard Road မှာရှိတဲ့ shopping belt ကိုတော့ မြေအောက် ချိတ်ဆက်လမ်းကြောင်းများနှင့် ဆက်သွယ်ထားပါတယ်။အထူးသဖြင့် Orchard ၊ Somerset ၊ Dhoby Ghaut MRT ဘူတာများ တ၀ိုက်မှာ ချိတ်ဆက် ထားတာဖြစ်ပါတယ်။ (၄) ကီလိုမီတာ ရှည်တဲ့ ၎င်းလမ်းတစ်လျှောက် နှစ်ဘက်လုံးမှာ ရှိတဲ့အဆောက်အအုံတွေ အားလုံးကို မြေအောက်ကွန်ယက်အဖြစ် ချိတ်ဆက်သွားဖို့ လျာထားတာကို တွေ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။


post signature

Read More...


 

No Comment Labels:

မြေအောက်ကမ္ဘာ(သို့) မြေအောက်မြို့တော် ဆိုတာကတော့ ဥမင်တွေကို ကွန်ယက်သဖွယ် ချိတ်ဆက်ထားပြီး အများအားဖြင့် မြို့တွင်း မြို့လယ်ခေါင်များမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ မြေအောက်ကမ္ဘာ အများစုမှာတော့ ရုံးခန်းများ၊ အရောင်းဆိုင်ခန်းများ၊ ရထားများနှင့်ဘူတာများ၊ ပြဇာတ်ခန်းမများနှင့် အခြားအဆောက်အအုံများ ပါဝင်ပါတယ်။ မြေအောက်ကမ္ဘာတွေကို အများပြည်သူနှင့် သက်ဆိုင်တဲ့ အဆောက်အအုံတွေက တဆင့်ဝင်ရောက် အသုံးပြုနိုင်အောင် ဆောက်လုပ်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သီးခြားဆောက်လုပ်တာကို တွေ့ရပါတယ်။

အေးမြတဲ့ ရာသီဥတုရှိတဲ့ မြို့တော်များမှာ မြေအောက်ကမ္ဘာရဲ့အခန်းကဏ္ဍက အရေးပါလာတာကို တွေ့ရပါတယ်။ မြေအောက်မှာဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ လူသားတွေက မြေအောက်ကို တိုးဝင်လာရတဲ့ အကြောင်းရင်းကတော့ သဘာဝအတားအဆီး အခက်အခဲတွေကို ကျော်လွှားဖို့အတွက် သာမကပဲ မြေမျက်နှာပြင်ပေါ်မှာ ထိန်းသိမ်းရမယ့် အရာများကို ထိန်းသိမ်းရန်အပြင် မြို့ပြဗိသုကာ အနေအထားကိုလည်း ထည့်သွင်း စဉ်းစားတာလည်း ပါဝင်ပါတယ်။ မြေအောက်ကမ္ဘာ တွေထဲမှာတော့ မွန်ထရီရယ်လ် က အထင်ရှားဆုံးဖြစ်ပြီး အခြားမြေအောက်ကမ္ဘာများထက် ပိုမိုအသုံးပြုတာကို တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံများအလိုက် မြေအောက်ကမ္ဘာ ပိုင်ဆိုင်မှုကိုတင်ပြလိုက်ပါတယ်။

ၾသစေတးလ်

ဆစ်ဒနီ (Sydney) မြို့တော် မြေအောက်ဘူတာ Town hall နားမှာရှိတဲ့ မြေအောက်ကမ္ဘာမှာတော့ ဈေးဆိုင်များကို အတွဲလိုက်တွေ့ရှိရမှာ ဖြစ်ပါတယ်။ တောင်ဘက်မှာ George Street cinema ခရိုင်၊ အနောက်ဘက်မှာ town hall နှင့် မြောက်ဘက်မှာတော့ Queen Victoria Building၊ စသည်တို့ကို ဦးတည် ထားပါတယ်။ မြောက်ဘက်အပိုင်း ကတော့ Queen Victoria Building ကို Galleries Victoria၊ ဆစ်ဒနီ စင်ထရယ်ပလာဇာ တို့နှင့် ဆက်သွယ် ထားပါတယ်။ မြေအောက်ကမ္ဘာက ၃ ကီလိုမီတာကျော် ရှည်လျားပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဆစ်ဒနီ စင်ထရယ် ပလာဇာကို Pitt Street Mall နှင့် ချိတ်ဆက်ဖို့ရာ အတွက် ဥမင်ကွန်ယက်ကို ၅၀၀ မီတာ တိုးချဲ့ဖို့စီမံခဲ့ကြပါတယ်။

ကနေဒါ

အဒ်မွန်တန် (Edmonton) မြို့မှာတော့ ဥမင်ကွန်ယက်ငယ် တစ်ခုနှင့် Pedway ခေါ် မိုးပေါ်လမ်းရှိပြီး LRT ဘူတာများနှင့် အဆောက်အအုံများကို ဆက်သွယ်ထားပါတယ်။

မွန်ထရီရယ်လ်(Montreal) (သို့) (la Ville souterraine in French) ကတော့ ကမ္ဘာ့အကြီးဆုံး မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပါတယ်။ ဥမင်အရှည် ၃၂ ကီလိုမီတာရှိပြီး မြို့ကွက် ၄၁ ခုစာ ရှိပါတယ်။ဧရိယာ ၁၂ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းပါတယ်။ လူနေအိမ်ခန်းများ၊ ဟိုတယ်များ၊ ရုံးများ၊ ဘဏ်များ၊ တက္ကသိုလ်များ၊ အများပြည်သူနှင့်သက်ဆိုင်တဲ့ နေရာများဖြစ်တဲ့ ပြဇာတ်ခန်းမများ၊ ရုပ်ရှင်ရုံများ၊ bell centre ဟော်ကီအားကစားကွင်း၊ ပြတိုက်များ၊ မြေအောက်ဘူတာ ၇ ခု၊ ရထားဘူတာ ၂ ခု (Lucien-L’Allier နှင့် Gare Centrale)၊ ဘတ်စ်ကားဂိတ်တစ်ခု (Réseau de transport de Longueuil) နှင့် အခြား transit များကိုဆက်သွယ်ထားပါတယ်။

Place Ville Marie၊ Queen Elizabeth ဟိုတယ်နှင့် Gare Centrale တို့ကို ဆက်သွယ်ရာမှ ဤမြေအောက် ကမ္ဘာကို စတင်ခဲ့ပါတယ်။
ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်နှင့် ရုပ်ရှင်ရုံပေါင်း ၄၀ ပါဝင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ အနေနှင့် မြေအောက်ကမ္ဘာရဲ့ ဆွဲဆောင်မှုကောင်းတဲ့ နေရာများကို လည်ပတ်ကြပါတယ်။ မွန်ထရီရယ်လ် (Monteral) မြို့သူမြို့သားများ ကတော့ နေ့စဉ် လူဦးရေ ၅သိန်းခန့် မြေအောက် ကမ္ဘာကို အသုံးပြုကြပါတယ်။
ပင်မမြေအောက်ကမ္ဘာ ကွန်ယက်ထဲမှာ မပါဝင်သေးတဲ့ မြေအောက်ဘူတာ ၈ ခုနှင့် အခြားကွန်ယက်ငယ်များ ကိုလည်းချိတ်ဆက်ထားပါတယ်။ ဥပမာအနေနှင့်- အရှေ့ပိုင်းမှာရှိတဲ့ ဘာရီ UQAM၊ 1976 Summer Olympics အိမ်ရာများနှင့် ချိတ်ဆက်ထားတဲ့ Pie-IX တို့နှင့် ချိတ်ဆက်ထားပါတယ်။ အခြားမြေအောက်ကွန်ယက် တစ်ခုဖြစ်တဲ့ မြေအောက် ရထားလမ်းရဲ့ အစိတ်အပိုင်းမဟုတ်တဲ့ La Cité housing နှင့် retail Complex တို့ကိုလည်း ချိတ်ဆက် ထားပါတယ်။


မွန်ထရီရယ်လ် မြေအောက်မြို့တော် တစ်စိတ်တစ်ပိုင်းပုံ
ပုံမှာ ပြထားတဲ့မြားတွေကတော့ မြေအောက်မြို့တော်မှာရှိတဲ့ အဆောက်အဦ နေရာအညွှန်းဖြစ်ပါတယ်။

MUNnels လို့ခေါ်တဲ့ ဥမင်ကွန်ယက် တစ်ခုကို Memorial University of Newfoundland မှာတည်ဆောက် ထားပြီး အဓိက အဆောက်အအုံများကို ဆက်သွယ်ထားပြီး မြင့်တက်သွားတဲ့ လူသွားစင်္ကြံလမ်းကို တပ်ဆင်ထားပါတယ်။

တိုရွန်တိုမြို့ (PATH) မှာရှိတဲ့ မြေအောက်ကမ္ဘာမှာတော့ ၂၇ ကီလိုမီတာရှည် လျှောက်လမ်းနှင့် ဆိုင်ခန်းပေါင်း ၁၂၀၀ ပါဝင် ဖွဲ့စည်းထားပါတယ်။ အရေးကြီး အဆောက်အအုံများနှင့် မြို့တွင်းရှိ TTC မြေအောက်ဘူတာ ၅ ခုနှင့် ချိတ်ဆက်ထားပါတယ်။ PATH မှာလူပေါင်း ၁၀၀၀၀၀ ခန့်ဝင်ဆန့်ပြီး ကမ္ဘာ့အကြီးဆုံး မြေအောက် လျှေက်လမ်း ဈေးဆိုင်တစ်ခုအဖြစ်တည်ရှိနေပါတယ်။
တိုရွန်တိုမှာရှိတဲ့ PATH မြေအောက်ကွန်ယက်ဟာ ကမ္ဘာအကြီးဆုံး ဈေးဆိုင်အစုအဝေးဖြစ်ပြီး ၃၇၁၆၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။
တိုရွန်တိုမှာပဲ နောက်ထပ် မြေအောက်ကမ္ဘာငယ် တစ်ခုရှိပါသေးတယ်။ အဆောက်အအုံ တစ်ချို့နှင့် Bloor လမ်းပေါ်မှာရှိတဲ့ မြေအောက်ဘူတာနှစ်ခုကို ဆက်သွယ်ထားပါတယ်။

Vancouver မှာတော့ ပစိဖစ်စင်ထရီ(Pacific Centre)လို့ခေါ်တဲ့ ဈေးဆိုင်တန်း ရှိပြီး မြို့ကွက် ၃ ကွက်စာ ချဲ့ထွင်ထားပြီး အထပ်ပေါင်း ၂၀၀ ကျော်ကို မြေပေါ်၊ မြေအောက် နှစ်မျိုးဆောက်လုပ် ထားပါတယ်။

ချီလီ

ဆန်တီရာဂို (Santiago) မြို့မှာတော့ မြေအောက် မက်ထရိုများနှင့် ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။ ဘူတာအားလုံးမှာ ပုံမှန် မက်ဇနင်း (mezzanine) (အောက်ဆုံးအဆင့်) အဆင့် မှာရှိပြီး ထိုအဆင့်မှာပဲ ရထားပြေးဆွဲပါတယ် ။ မြေပေါ်လမ်းနှင့် မြေအောက်ဘူတာ အဆင့်ကြားမှာတော့ ဈေးဆိုင်ခန်းများပါဝင်တဲ့ အဆင့်တစ်ခုပါဝင်ပါတယ်။ ထိုအဆင့်မှာတော့ ဆိုင်ခန်းမျိုးစုံနဲ့ ဆိုင်အသေးစားလေး တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

တရုတ်

ပီကင်း (Beijing) မြို့တော်မှာတော့ စီနို-ဆိုဗီယက် ပဋိပက္ခ (Sino-Soviet conflict) ဖြစ်နေတဲ့ကာလ ကတည်းက ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ဥမင်ကွန်ယက်ကို ဆောက်လုပ်ခဲ့ကြပါတယ်။ ၈၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၁၉၇၀ နှစ်လွန်ကာလများက အသုံးမပြုပဲထားခဲ့ကြပါတယ်။ ယခု များ မကြာမီကပင် အများပြည်သူနှင့် ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖင်လန်

ဟယ်ဆင်ကီမြို့ (Helsinki) မှာတော့ မြေအောက်ရထားဘူတာများ (Rautatientori, Kamppi, Kaisaniemi) နှင့် ဈေးဆိုင်တန်းများပါဝင်တဲ့ ပင်မရထားဘူတာ နေရာရှိပါတယ်။ Kamppi မက်ထရိုဘူတာမှာတော့ Kamppi Center မှာရှိတဲ့ အဝေးပြေးကားဂိတ်၊ ကုန်စည်ပို့ဆောင်ရေး စခန်းနှင့် ယာဉ်ရပ်စခန်းများ နဲ့ပေါင်းစပ်ထားပြီး တည်ဆောက်ထားပါတယ်။ အထပ် ၆ ထပ်ပါ ဈေးဆိုင် အဆောက်အအုံနှင့် ဒေသတွင်းသွား ဘတ်စ်ကားများရဲ့ ပင်မဘတ်စ်ကားဂိတ်လည်း ပါဝင်ပါတယ်။ မြေအောက်ကွန်ယက်ကို အနီးအနားမှာရှိတဲ့ ဖော်ရမ် (Forum) ဈေးရောင်းစင်တာ၊ စတော့မန်း (Stockmann) စတိုးဆိုင် စသည်တို့နှင့်လည်း ဆက်သွယ်ထားပါတယ်။
ဟယ်ဆင်ကီမြို့မှာ အခြားမြေအောက်ကွန်ယက်အနေနှင့် မြေအောက်ဘူတာ ၂ ခု(Hakaniemi, Sörnäinen)ကို ဆောက်လုပ်ထားပါတယ်။


ဆက်လက်ဖော်ပြပါမည်။


post signature

Read More...


 

No Comment Labels:

မီး

ရထားဥမင်တစ်ခု ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဆိုင်ကန်ဥမင် (Seikan Tunnel) ဟာ ၅၃.၈၅ ကီလိုမီတာ( ၃၃.၄၉ မိုင်) ရှည်လျားပြီး ဥမင်ရဲ့ ၂၃.၃ ကီလိုမီတာ ( ၁၄.၅ မိုင်) ရှိတဲ့ အပိုင်းဟာ ပင်လယ် ရေအောက် ကြမ်းပြင်အောက်မှာ တည်ရှိပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ဆုံး ရထားလမ်းဥမင် တစ်ခုဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းနဲ့ ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်မယ့် လမ်းကြောင်း တစ်ခုဖောက်လုပ်ဖို့ ၁၉၁၂-၁၉၂၅ ကာလများ ကတည်းက စဉ်စားကြတာပါ။

တကယ့် တိုင်းတာရေး လုပ်ငန်းများကိုတော့ ၁၉၅၄ ခုနှစ်က တိုင်ဖွန်း မုန်တိုင်းကြောင့် ဖယ်ရီ သင်္ဘော ၅ စီးနဲ့ ခရီးသည်ပေါင်း ၁၄၃၀ နစ်မြှုပ်ကာ အသက်ဆုံးရှုံး ခဲ့ရပြီးတဲ့ နောက်မှာ စတင် လုပ်ကိုင် ခဲ့ပါတယ်။ ၄င်းကျွန်း(၂)ကျွန်းကြား ခရီး သွားလာမှု များပြား လာတာကလည်း တစ်ကြောင်း ဖြစ်ပါတယ်။ ၁၉၅၅-၁၉၆၅ ခုနှစ်ကြား ကာလအတွင်းမှာ ဖယ်ရီ သင်္ဘော အရေအတွက် ဟာလည်း နှစ်ဆ တိုးတက် လာတာခဲ့ပြီး နှစ်စဉ် ခရီးသည်ပေါင်း ၄၀၄၀၀၀၀ ဦး နှင့် ကုန်စည် တန်ချိန်ပေါင်း ၆၂၄၀၀၀၀ တန်ကို သယ်ယူ ပို့ဆောင် ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ဖယ်ရီ သင်္ဘောများရဲ့ စွမ်းအားနှင့် ကုန်စည် စီးဆင်းမှု တိုးတက်လာမှုကို ဖြေရှင်းဖို့ရာ မလွယ်ကူတော့ပါဘူး။ ပထ၀ီဝင် မြေအနေအထား ကန့်သတ်ချက် များကြောင့် လည်းဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ တွင် ဥမင်ဖောက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲနိုင်မည့် ဥမင်မျိုးကို ရွေးချယ်ခဲ့ပြီး ရှင်ကန်ဆန် ရထားလမ်းကိုလည်း တိုးချဲ့ဖို့အတွက်ကို စီမံခဲ့ပါတယ်။

၁၉၈၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် ယာရှီဟီရို နာကာဆိုနီ က ရှေ့ပြေး ဥမင်လှိုဏ်ခေါင်း (pilot tunnel) ဖောက်လုပ်ရေး၏ နောက်ဆုံးအဆင့် ဖောက်ခွဲမှုကို ခလုတ်နှိပ် ပေးခဲ့ပါတယ်။ ထို့အတူ ၁၉၈၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ သယ်ယူ ပို့ဆောင်ရေး ၀န်ကြီး တိုကီယို ယာမာရှီတာ ကလည်း ပင်မဥမင် ဖောက်လုပ်ရာတွင် အမှတ်တရ ပါဝင်ခဲ့ပါတယ်။ခက်ခဲတဲ့ ဘူမိမြေ အနေအထားမှာ ဖောက်လုပ်ခဲ့တဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် လည်းဖြစ်တာမို့လို့ အလုပ်သမား ၃၄ ယောက် အသက်ဆုံးရှုံးခဲ့ ရပါတယ်။

၁၉၇၁ ကုန်စည် စီးဆင်းမှု ခန့်မှန်းချက်များမှာ ပိုမိုတွက်ချက် မိခဲ့တာကို တွေ့ရပါတယ်။ ကုန်စည် စီးဆင်းမှုနှုန်း သည် ၁၉၈၅ ခုနှစ်တွင် ထိပ်ဆူံးသို့ ရောက်ရှိရမည့် အစား ၁၉၇၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ထို့နောက် ကုန်စည် စီးဆင်းမှု မှာ ၁၉၇၃ ခုနှစ် ပထမ ရေနံ အကြပ်အတည်း (Oil Crisis) ဖြစ်ပြီးနောက် ဂျပန် စီးပွားရေး နှင့်အတူ ကျဆင်းခဲ့ပြီး လေကြောင်း ပို့ဆောင်ရေး နှင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ကို ပိုမို အသုံးပြုခဲ့ကြပါတယ်။

ဥမင်လှိုဏ်ခေါင်းကို ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ၊(ဂျပန်ယန်းငွေ ၅၃၈ ဒဿမ ၄ ဘီလီယံ) ကုန်ကျခဲ့ပါတယ်။ဥမင်လှိုဏ်ခေါင်း ဖောက်လုပ် ပြီးစီးပြီးနောက် ဟွန်ရှူးကျွန်း နှင့် ဟော့ကိုင်းဒိုး ရထားပို့ဆောင်ရေးကို ဥမင်ကိုသာ အသုံးပြုခဲ့ပါတယ်။ သို့သော်လည်း ခရီးသည် ပို့ဆောင်ရေးတွင် ခရီးသည် ၉၀ ရာခိုင်နှုန်းမှာ လျင်မြန်မှုနှင့် ကုန်ကျစရိတ်များကြောင့် လေကြောင်းလမ်း ကိုသာ အသုံးပြု ကြပါတယ်။ ဥပမာ အနေနှင့် တိုကျိုမြို့နှင့် ဆပ်ပိုရိုမြို့ကြား ခရီးကို ရထားဖြင့် သွားပါက ၁၀ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး လေယာဉ်ဖြင့် သွားပါက လေဆိပ်တွင် ကြာချိန်အပါအ၀င် ၃ နာရီ ၃၀ မိနစ်သာ ကြာမှာ ဖြစ်ပါတယ်။ ဂျပန် ပြည်တွင်း လေကြောင်လိုင်း များရဲ့ လက်မှတ်များကို အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချတဲ့အတွက်ကြောင့် ရထားနှင့် သွားလာတာက ပိုဈေးကြီး နေသလို ဖြစ်နေပါတော့တယ်။


ပုံညွှန်း
(၁) ပင်မဥမင် (၂) ၀န်ဆောင်(အရံ) ဥမင် (၃) ရှေ့ပြေးဥမင် (၄) ဆက်သွယ်ရေးဥမင်

တိုင်းတာမှုများကို ၁၉၄၆ ခုနှစ် ကတည်းက စတင်ခဲ့ပါတယ်။ ထို့နောက် ၂၅ နှစ်အကြာ ၁၉၇၁ ခုနှစ်မှာတော့ စတင် ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ မှာတော့ ဖောက်လုပ်ရန် မီတာ ၇၀၀ အောက်သာ ကျန်ရစ်တော့ပါတယ်။ ၁၉၈၃ ခုနှစ် မှာတော့ ဥမင်ကို ဖောက်လုပ်ပြီးစီး ခဲ့ပါတယ်။
ဆူဂါရူ ရေလက်ကြားမှာ အရှေ့ အကျဉ်းပိုင်း နှင့် အနောက် အကျဉ်းပိုင်း ပါဝင်ပြီး ကီလိုမီတာ ၂၀ ခန့်စီ ကျယ်ဝန်းပါတယ်။ ၁၉၄၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရှေးဦးတိုင်းတာမှုများ အရ မီတာ ၂၀၀ အနက် ရှိတဲ့ အရှေ့ အကျဉ်းပိုင်း မှာ မီးသင့်ကျောက် များပါဝင်တာကို တွေ့ရပါတယ်။ အနောက် အကျဉ်းပိုင်းကတော့ မီတာ ၁၄၀ အနက် ရှိပြီး အနည်ကျကျောက် တွေသာ အများဆုံးပါဝင်ပါတဲ့ အတွက်ကြောင့် ဥမင်ဖောက်လုပ်ရန် သင့်လျော်တဲ့ အနောက် အကျဉ်းပိုင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ပင်လယ်ရေပြင်အောက် မှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတည်ရှိရာ ဘူမိမြေ အနေအထား မှာ မီးသင့်ကျောက် နဲ့ တာတီထွီ(Tertiary era) ခေတ်နှောင်းပိုင်းမှ အနည်ကျကျောက် များပါဝင်ပါတယ်။ ထိုရေလက်ကြား အလယ်ပိုင်းမှာ သက်တမ်းအနုဆုံး ကျောက်များနဲ့ ဖွဲ့စည်းထားပါတယ်။ ၎င်းမြေအနေအထားကို အကြမ်းအားဖြင့် သုံးပိုင်းခွဲခြား နိုင်ပြီး ဟွန်ရှုးကျွန်းဘက်ခြမ်း မှာ မီးသင့်ကျောက်ဖြစ်တဲ့ မီးတောင် ချော်ကျောက်တွေ ပါဝင်ပါတယ်။ ဟော့ကိုင်းဒိုးကျွန်း ဘက်ခြမ်းမှာတော့ အနည်ကျကျောက်အမျိုးအစားဝင် ရွှံ့ကျောက်များ ပါဝင်ပါတယ်။ အလယ်ပိုင်း မှာတော့ ကူရိုမတ်ဆူနိုင် အလွှာ (တာတီထွီ ခေတ် သဲဆန်သော ရွှံ့ကျောက်) များ ပါဝင်ပါတယ်။ မီးသင့်ကျောက် များရဲ့ ရွှေလျားမှုနှင့် ပြတ်ရွေ့ များကြောင့် ကျောက်များ ကွဲအက်ပြီး ဥမင် ဖောက်လုပ်ရေးမှာ ရှုပ်ထွေး စေခဲ့ပါတယ်။

ဘူမိဗေဒ ရှေးဦးလေ့လာမှုများကို ၁၉၄၆ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းလေ့လာမှုများတွင် ပင်လယ်ကြမ်းပြင်အောက် တူးယူစမ်းသပ်ခြင်း၊ အသံလှိုင်း ဖြင့် စမ်းသပ် တိုင်းတာခြင်း (sonic surveys)၊ ရေငုပ် သင်္ဘောဖြင့် အပေါက်ဖောက် လေ့လာခြင်း၊ ငလျင်နှင့် သံလိုက် စက်ကွင်းများ အတွက် တိုင်းတာခြင်းများ ပါဝင်ပါတယ်။ သို့သော်ငြားလည်း ပိုမို တိကျစွာ သိရှိနိုင်ရန် အတွက် ရေပြင်ညီ ရှေ့ပြေး ဥမင် (pilot tunnel) ဖောက်လုပ်ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ ကြပါတယ်။

ဥမင်ဖောက်လုပ်ခြင်းကို တောင်ဘက် အဆုံးပိုင်း နှင့် မြောက်ဘက် အဆုံးပိုင်း နှစ်ဘက် စလုံးမှ တပြိုင်နက်တည်း စတင် ဖောက်လုပ်ခဲ့ပါတယ်။ ကုန်းပိုင်း ဖောက်လုပ်မှုများကို သာမန် တောင်များ အကြားဖောက်လုပ်မှု နည်းလမ်းဖြင့် ဖောက်လုပ်ခဲ့ပြီး ပင်မ ဥမင်တစ်ခုသာ ပါဝင်ပါတယ်။ ၂၃ ဒဿမ ၃ ကီလိုမီတာ အရှည်ရှိတဲ့ ပင်လယ်ရေအောက် အပိုင်းကိုတော့ ဥမင် ၃ ခုကို သက်ဆိုင်ရာ အရွယ်အစားများဖြင့် ဖောက်လုပ်ခဲ့ပါတယ်။ ရှေ့ပြေး ဥမင် (pilot tunnel)၊ ၀န်ဆောင် ဥမင်(service tunnel) နှင့် ပင်မဥမင် (main tunnel) တို့ပါဝင်ပါတယ်။ ၀န်ဆောင် ဥမင် နှင့် ပင်မဥမင် တို့ကို မီတာ ၆၀၀ နှင့် ၁၀၀၀ ကြားတစ်ခါ ဆက်သွယ်ရေး ဥမင်များဖြင့် ဆက်သွယ်ထားပါတယ်။ အလယ်ပိုင်း ၅ ကီလိုမီတာခန့်မှာတော့ ရှေ့ပြေးဥမင် ကို ၀န်ဆောင်ဥမင် အဖြစ် အသုံးပြုခဲ့ပါတယ်။

ကျောက်များရဲ့ ကွဲပြားခြားနားတဲ့ သဘာဝနှင့် သရွတ်ကိုင် (grouting) ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကြောင့် ဆူဂါရူ ရေလက်ကြားအောက် မှာတော့ ဥမင်တူးဖော်စက် (TBM) များအသုံးပြု တူးဖော်ခြင်းကို ဥမင်အလျား ၂ ကီလိုမီတာ မပြည့်ခင်မှာပဲ စွန့်လွှတ်ခဲ့ရပါတယ်။ ဒိုင်းနမိုက်များနှင့် စက်ပစ္စည်းများကို အသုံးပြုကာ ဆက်လက် ဖောက်လုပ် ခဲ့ကြပါတယ်။

မီးရထားလမ်း အသုံးပြုမှုအနေနဲ့ လောလောဆယ် မှာတော့ ကျဉ်းမြောင်းတဲ့သာမန် ရထားလမ်းကိုသာ ၎င်းအမြွာဥမင် အတွင်းမှာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဟော့ကိုင်းဒိုး ရှင်ကန်ဆန် ရထားလမ်း (၂၀၀၅ ခုနှစ်မှာ စတင်ဖောက်လုပ် ခဲ့ပါတယ်။) မှာတော့ နှစ်မျိုးသုံး ရထားလမ်းများကို တပ်ဆင်ခဲ့ပါတယ်။ ရှင်ကန်ဆန် ရထားနှင့် ဟာကိုဒိတ်မြို့အထိ အရောက်လှမ်း နိုင်အောင် (၂၀၁၅ ခုနှစ် ရည်မှန်းချက်) စီမံခဲ့ပြီး တကယ်တမ်း မှာတော့ ဆပ်ပိုရိုမြို့ အထိ ဖြစ်ပါတယ်။ ဥမင်အတွင်းမှာ ၅၂ ကီလိုမီတာ အရှည်ရှိ တဆက်တစပ်တည်း ရှိတဲ့ ဂဟေဆက် ရထားလမ်းကို တပ်ဆင် ထားပါတယ်။

ဥမင်အတွင်းမှာတော့ တပ်ပီ-ကိုင်တိုင် မြေအောက်ဘူတာနှင့် ယိုရှီအိုကာ-ကိုင်တိုင် မြေအောက် ဘူတာ နှစ်ခုရှိပါတယ်။ ၎င်း ဘူတာများကတော့ မီးဘေး နှင့် အခြား မတော်တဆမှုများ အတွက် အရေးပေါ်ထွက်ပေါက် အနေနှင့် အသုံးပြုနိုင်ပါတယ်။ လုံခြုံရေးစနစ်အနေနှင့် ကင်မရာများ တပ်ဆင်ထားခြင်း၊ မီးအရေးပေါ် အချက်ပေးစနစ် တပ်ဆင်ထားခြင်း၊ အလိုအလျောက် မီးငြိမ်းသတ်စနစ် တပ်ဆင်ထားခြင်းများ ပြုလုပ် ထားရှိပါတယ်။ ထို့အပြင် ဥမင်နှင့် ပတ်သက်သော သမိုင်းကြောင်းနှင့် လုပ်ဆောင်ပုံများကို ပြတိုက်တစ်ခုသဖွယ် ခရီးသွားများ လေ့လာနိုင်အောင် စီမံထားပါတယ်။ သို့သော် ယခုအခါတွင် တပ်ပီ-ကိုင်တိုင် မြေအောက်ဘူတာ တွင်သာ ထိုပြတိုက်စနစ်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ ယိုရှီအိုကာ-ကိုင်တိုင် မြေအောက်ဘူတာကို ဟော့ကိုင်းဒိုး ရှင်ကန်ဆန် ရထားလမ်း ဖောက်လုပ်ရေးအတွက် ဖျက်သိမ်းခဲ့ပါတယ်။ ၎င်းမြေအောက်ဘူတာ နှစ်ခုမှာ ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ပင်လယ် ရေအောက်ဘူတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် အရှည်ဆုံးရထား ဥမင် တစ်ခု ဖြစ်သော်လည်း လေကြောင်း ပို့ဆောင်ရေး ရဲ့ လျင်မြန်မှု၊ ဈေးနှုန်း သက်သာမှုတို့ကြောင့် လူသားတို့ရဲ့ အသုံးပြုမှုမှာ လျော့နည်းလာတာ ကိုတွေ့ရပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံ ရဲ့ ဥမင် ဖောက်လုပ်ရေး နည်းပညာဆိုင်ရာ ပြယုဂ်တစ်ခု အဖြစ် ရပ်တည် သွားနိုင်မှာ ဖြစ်ပါတယ်။ နောင်လာ နောင်သားများ အနေနှင့် လည်း ပို့ဆောင်ရေးကဏ္ဍတွင် ဖောက်လုပ်ရေး နည်းပညာများ သာမက လျင်မြန်မှု၊ လုံခြုံမှု၊ ဈေးနှုန်သက်သာမှု စတဲ့အချက် များကိုပါ ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ပါတယ်။

ဆက်လက်လေ့လာလိုသူများအတွက်..
Aomori Prefecture Government site about Hokkaidō shinkansen


post signature

Read More...


 

312 comments Labels:


..မေ..
..အမေ..
..မေမေ..
...မေကြီး…
...မာမား…
...အမား…
..မာမီ..
..အမိုး..
..အနူး..
....ဘယ်လိုပဲခေါ်ခေါ်….
....အားလုံးရဲ့ ရင်ထဲမှာ….
....အမေ ဆိုတာ….
....အစားထိုးမရနိုင်တဲ့သူ….
....တန်ဖိုးဖြတ်လို့မရနိုင်တဲ့သူ….
....ကျေးဇူးကြီးမားလှတဲ့သူ….
....အဆုံးမဲ့ မေတ္တာတရား ကိုပိုင်ဆိုင်တဲ့သူ….
....အအေးချမ်းဆုံး ရင်ခွင်ကို ပိုင်ဆိုင်တဲ့သူ….
....ခွင့်လွှတ် နားလည်မှု တွေကို ပိုင်ဆိုင်တဲ့သူ….
....လူတိုင်း၊ လူတိုင်းရဲ့ လက်ဦးဆရာဖြစ်တဲ့သူ….
....သားသမီးတွေကို အောင်မြင် ပျော်ရွှင်စေချင်တဲ့သူ….
....သားသမီးတွေကို ပြုံးပျော် နေတာကိုပဲ မြင်ချင်တဲ့သူ….
....သားသမီးတွေရဲ့အသံ ကိုကြားရရုံနှင့် ၀မ်းသာနေတဲ့သူ….
....သားသမီးတွေရဲ့လိုအင် ဆန္ဒကို အားလုံးဖြည့်စွမ်းပေးချင်တဲ့သူ….
....အဝေးရောက် သားသမီးတွေ အတွက်ကို အမြဲစိတ်ပူ နေတတ်တဲ့သူ….
....လောကဓံတရားရဲ့ ရိုက်နှက်မှုကို ရှေ့ကနေ မားမားရပ် ကာကွယ်ပေးတဲ့သူ….
....ကကာလ ရေကြည်တည် ကာစက စလို့ ပူ၊စပ်၊ဖန်၊ခါး ရှောင်ရှားပြီး ချစ်ခဲ့တဲ့သူ….



သားရင်ထဲမှာ စေတီတစ်ဆူဖြစ်တဲ့မာမားကို သားအမြဲ ဦးတိုက်ရှစ်ခိုးလျှက်ပါ…

ဒါကတော့ Happy Mother’s day ဖြစ်ပေါ်လာပုံလေးပါ…


လွန်ခဲ့သော နှစ်တစ်ရာခန့်က အန်းမာရီယာရီဖ်ဂျားဗစ် အမည်ရှိ အမျိုးသမီးကြီးသည် ကလေးသေပျောက်နှုန်း ကျဆင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အထွေထွေ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် ရေးကိုရှေးရှု၍ “မိခင်များနေ့လုပ်ငန်းအဖွဲ့” ကိုဖွဲ့စည်း တည်ထောင် ခဲ့သည်။ ၄င်း၏သမီးဖြစ်သူ အင်နာဂျားဗစ် သည် ၁၉၀၅ ခုနှစ်တွင် အစိုးရ အသိအမှတ်ပြုသော “အမေများနေ့” ဖြစ်မြောက်ရန် မနားမနေ ကြိုးစားခဲ့သည်။ ထိုနေ့တွင် လူတို့သည် ဘုရားရှိခိုး ကျောင်းသွားခြင်း၊ မိခင်များသို့ စာလွှာပါးခြင်းများ ပြုလုပ် ကြလိမ့်မည်ဟု မြင်ယောင်ခဲ့သည်။ အင်နာသည် သူမ၏မိခင်အား ဂုဏ်ပြုရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။ ဆယ်နှစ်ခန့် ကြာသောအခါ “အမေများနေ့” လှုပ်ရှားမှု အောင်မြင် လာသည်။ ထင်ရှားသော ပုဂ္ဂိုလ်များပါ ဆက်သွယ် လာကြသည်။ မိခင် အန်းမာရီယာ၏ ဘုရားရှိခိုးကျောင်းတွင် “ကာနေးရှင်း” အဖြူရောင် ငါးရာကို လက်ဆောင် ပေးသည်။ သူမ၏ မိခင်အကြိုက်ဆုံးပန်း ဖြစ်သည့် အပြင် ထိုပန်းသည် ညှိုးရုံညှိုး၍ သေမသွားချေ။ နောက်ဆုံး၌ ၁၉၁၄ ခုနှစ်တွင် သမ္မတ ၀ုဒရိုးဝီလဆင်က မိသားစုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ကိုဂုဏ်ပြု သောအားဖြင့် နေ့တစ်နေ့ကို တရားဝင် သတ်မှတ် ပေးလေသည်။

အမေအမှတ်တရတွေကတော့ အများကြီးရှိပါတယ်...
ကျွန်တော်အကြိုက်သီချင်းလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်..
အမေ့ရုပ်ရည် ထဲက ညီပုလေးဆိုထားတဲ့သီချင်းလေးပါ...
သီချင်းခေါင်းစဉ်လေးက .. ပျက်စီးအိပ်မက် ဖြစ်ပါတယ်။..
အောက်မှာပါတဲ့ Vcd လေးကတော့မာမားအတွက် အမှတ်တရ အမေဘွဲ့ Vcd လေးတစ်ပုဒ်ကို သားတင်လိုက်တာပါ.. ထူးအိမ်သင် ရဲ့ မေမေနေကောင်းလား ဆိုတဲ့ သီချင်းလေးပါ...




post signature


Read More...


 

Older Posts Newer Posts

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker