Showing posts with label Transport. Show all posts

2
comments
Labels:
Transport
Geneva motor show မှာ ပွဲထုတ်ထားတဲ့ Brabus ကနေ tuning ပြုလုပ်ထားပြီးသား sport atmosphere အငွေ့အသက်တွေ ပါရှိတဲ့ ကားတစ်စုံကို တွေ့လို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။
စိတ်ကူးယဉ်လို့ရအောင် လိုက်ဖတ်ကြည့်လိုက်တာ.. ဒါတွေ တွေ့တယ်ဗျာ..
ကားနှစ်စီးလုံးကို အတွင်းမှာ ဆင်ထားတဲ့ decoration နဲ့ ကားမှုတ်ဆေးကအစ တစ်ထပ်တည်း ဆင်တူ ဖြစ်အောင် ပြုလုပ်ထားပါတယ်တဲ့။
ဈေးကိုလည်း လျှော့ထားပေးပါတယ်။ အဲဒီ ကား oddly pair ကို $ 1,061,000 ပဲ ပေးပါတဲ့။ :P
ultimate 112 က 9.5 စက္ကန့် အတွင်းမှာ 100 km/h ထိရောက်အောင် အရှိန်တင်နိုင်ပြီး top speed ကတော့ 170 km/h ဖြစ်ပါတယ်တဲ့။
SLR McLaren Roadster က 3.6 စက္ကန့်အတွင်းမှာ 100 km/h ထိ ရောက်အောင် အရှိန်တင်နိုင်ပြီး top speed ကတော့ 337 km/h ထဲပါတဲ့။

ပုံအကြီးကြည့်ရန် ပုံများကို click ပါ။
ယခုပို့စ်ကို Friday, March 07, 2008 တွင် ရေးသားထားတာဖြစ်ပြီး
Transport
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
No Comment
Labels:
Transport
မီး
ရထားဥမင်တစ်ခု ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဆိုင်ကန်ဥမင် (Seikan Tunnel) ဟာ ၅၃.၈၅ ကီလိုမီတာ( ၃၃.၄၉ မိုင်) ရှည်လျားပြီး ဥမင်ရဲ့ ၂၃.၃ ကီလိုမီတာ ( ၁၄.၅ မိုင်) ရှိတဲ့ အပိုင်းဟာ ပင်လယ် ရေအောက် ကြမ်းပြင်အောက်မှာ တည်ရှိပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ဆုံး ရထားလမ်းဥမင် တစ်ခုဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းနဲ့ ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်မယ့် လမ်းကြောင်း တစ်ခုဖောက်လုပ်ဖို့ ၁၉၁၂-၁၉၂၅ ကာလများ ကတည်းက စဉ်စားကြတာပါ။
တကယ့် တိုင်းတာရေး လုပ်ငန်းများကိုတော့ ၁၉၅၄ ခုနှစ်က တိုင်ဖွန်း မုန်တိုင်းကြောင့် ဖယ်ရီ သင်္ဘော ၅ စီးနဲ့ ခရီးသည်ပေါင်း ၁၄၃၀ နစ်မြှုပ်ကာ အသက်ဆုံးရှုံး ခဲ့ရပြီးတဲ့ နောက်မှာ စတင် လုပ်ကိုင် ခဲ့ပါတယ်။ ၄င်းကျွန်း(၂)ကျွန်းကြား ခရီး သွားလာမှု များပြား လာတာကလည်း တစ်ကြောင်း ဖြစ်ပါတယ်။ ၁၉၅၅-၁၉၆၅ ခုနှစ်ကြား ကာလအတွင်းမှာ ဖယ်ရီ သင်္ဘော အရေအတွက် ဟာလည်း နှစ်ဆ တိုးတက် လာတာခဲ့ပြီး နှစ်စဉ် ခရီးသည်ပေါင်း ၄၀၄၀၀၀၀ ဦး နှင့် ကုန်စည် တန်ချိန်ပေါင်း ၆၂၄၀၀၀၀ တန်ကို သယ်ယူ ပို့ဆောင် ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ဖယ်ရီ သင်္ဘောများရဲ့ စွမ်းအားနှင့် ကုန်စည် စီးဆင်းမှု တိုးတက်လာမှုကို ဖြေရှင်းဖို့ရာ မလွယ်ကူတော့ပါဘူး။ ပထ၀ီဝင် မြေအနေအထား ကန့်သတ်ချက် များကြောင့် လည်းဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ တွင် ဥမင်ဖောက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲနိုင်မည့် ဥမင်မျိုးကို ရွေးချယ်ခဲ့ပြီး ရှင်ကန်ဆန် ရထားလမ်းကိုလည်း တိုးချဲ့ဖို့အတွက်ကို စီမံခဲ့ပါတယ်။
၁၉၈၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် ယာရှီဟီရို နာကာဆိုနီ က ရှေ့ပြေး ဥမင်လှိုဏ်ခေါင်း (pilot tunnel) ဖောက်လုပ်ရေး၏ နောက်ဆုံးအဆင့် ဖောက်ခွဲမှုကို ခလုတ်နှိပ် ပေးခဲ့ပါတယ်။ ထို့အတူ ၁၉၈၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ သယ်ယူ ပို့ဆောင်ရေး ၀န်ကြီး တိုကီယို ယာမာရှီတာ ကလည်း ပင်မဥမင် ဖောက်လုပ်ရာတွင် အမှတ်တရ ပါဝင်ခဲ့ပါတယ်။ခက်ခဲတဲ့ ဘူမိမြေ အနေအထားမှာ ဖောက်လုပ်ခဲ့တဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် လည်းဖြစ်တာမို့လို့ အလုပ်သမား ၃၄ ယောက် အသက်ဆုံးရှုံးခဲ့ ရပါတယ်။
၁၉၇၁ ကုန်စည် စီးဆင်းမှု ခန့်မှန်းချက်များမှာ ပိုမိုတွက်ချက် မိခဲ့တာကို တွေ့ရပါတယ်။ ကုန်စည် စီးဆင်းမှုနှုန်း သည် ၁၉၈၅ ခုနှစ်တွင် ထိပ်ဆူံးသို့ ရောက်ရှိရမည့် အစား ၁၉၇၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ထို့နောက် ကုန်စည် စီးဆင်းမှု မှာ ၁၉၇၃ ခုနှစ် ပထမ ရေနံ အကြပ်အတည်း (Oil Crisis) ဖြစ်ပြီးနောက် ဂျပန် စီးပွားရေး နှင့်အတူ ကျဆင်းခဲ့ပြီး လေကြောင်း ပို့ဆောင်ရေး နှင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ကို ပိုမို အသုံးပြုခဲ့ကြပါတယ်။
ဥမင်လှိုဏ်ခေါင်းကို ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ၊(ဂျပန်ယန်းငွေ ၅၃၈ ဒဿမ ၄ ဘီလီယံ) ကုန်ကျခဲ့ပါတယ်။ဥမင်လှိုဏ်ခေါင်း ဖောက်လုပ် ပြီးစီးပြီးနောက် ဟွန်ရှူးကျွန်း နှင့် ဟော့ကိုင်းဒိုး ရထားပို့ဆောင်ရေးကို ဥမင်ကိုသာ အသုံးပြုခဲ့ပါတယ်။ သို့သော်လည်း ခရီးသည် ပို့ဆောင်ရေးတွင် ခရီးသည် ၉၀ ရာခိုင်နှုန်းမှာ လျင်မြန်မှုနှင့် ကုန်ကျစရိတ်များကြောင့် လေကြောင်းလမ်း ကိုသာ အသုံးပြု ကြပါတယ်။ ဥပမာ အနေနှင့် တိုကျိုမြို့နှင့် ဆပ်ပိုရိုမြို့ကြား ခရီးကို ရထားဖြင့် သွားပါက ၁၀ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး လေယာဉ်ဖြင့် သွားပါက လေဆိပ်တွင် ကြာချိန်အပါအ၀င် ၃ နာရီ ၃၀ မိနစ်သာ ကြာမှာ ဖြစ်ပါတယ်။ ဂျပန် ပြည်တွင်း လေကြောင်လိုင်း များရဲ့ လက်မှတ်များကို အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချတဲ့အတွက်ကြောင့် ရထားနှင့် သွားလာတာက ပိုဈေးကြီး နေသလို ဖြစ်နေပါတော့တယ်။

တိုင်းတာမှုများကို ၁၉၄၆ ခုနှစ် ကတည်းက စတင်ခဲ့ပါတယ်။ ထို့နောက် ၂၅ နှစ်အကြာ ၁၉၇၁ ခုနှစ်မှာတော့ စတင် ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ မှာတော့ ဖောက်လုပ်ရန် မီတာ ၇၀၀ အောက်သာ ကျန်ရစ်တော့ပါတယ်။ ၁၉၈၃ ခုနှစ် မှာတော့ ဥမင်ကို ဖောက်လုပ်ပြီးစီး ခဲ့ပါတယ်။
ဆူဂါရူ ရေလက်ကြားမှာ အရှေ့ အကျဉ်းပိုင်း နှင့် အနောက် အကျဉ်းပိုင်း ပါဝင်ပြီး ကီလိုမီတာ ၂၀ ခန့်စီ ကျယ်ဝန်းပါတယ်။ ၁၉၄၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရှေးဦးတိုင်းတာမှုများ အရ မီတာ ၂၀၀ အနက် ရှိတဲ့ အရှေ့ အကျဉ်းပိုင်း မှာ မီးသင့်ကျောက် များပါဝင်တာကို တွေ့ရပါတယ်။ အနောက် အကျဉ်းပိုင်းကတော့ မီတာ ၁၄၀ အနက် ရှိပြီး အနည်ကျကျောက် တွေသာ အများဆုံးပါဝင်ပါတဲ့ အတွက်ကြောင့် ဥမင်ဖောက်လုပ်ရန် သင့်လျော်တဲ့ အနောက် အကျဉ်းပိုင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ပင်လယ်ရေပြင်အောက် မှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတည်ရှိရာ ဘူမိမြေ အနေအထား မှာ မီးသင့်ကျောက် နဲ့ တာတီထွီ(Tertiary era) ခေတ်နှောင်းပိုင်းမှ အနည်ကျကျောက် များပါဝင်ပါတယ်။ ထိုရေလက်ကြား အလယ်ပိုင်းမှာ သက်တမ်းအနုဆုံး ကျောက်များနဲ့ ဖွဲ့စည်းထားပါတယ်။ ၎င်းမြေအနေအထားကို အကြမ်းအားဖြင့် သုံးပိုင်းခွဲခြား နိုင်ပြီး ဟွန်ရှုးကျွန်းဘက်ခြမ်း မှာ မီးသင့်ကျောက်ဖြစ်တဲ့ မီးတောင် ချော်ကျောက်တွေ ပါဝင်ပါတယ်။ ဟော့ကိုင်းဒိုးကျွန်း ဘက်ခြမ်းမှာတော့ အနည်ကျကျောက်အမျိုးအစားဝင် ရွှံ့ကျောက်များ ပါဝင်ပါတယ်။ အလယ်ပိုင်း မှာတော့ ကူရိုမတ်ဆူနိုင် အလွှာ (တာတီထွီ ခေတ် သဲဆန်သော ရွှံ့ကျောက်) များ ပါဝင်ပါတယ်။ မီးသင့်ကျောက် များရဲ့ ရွှေလျားမှုနှင့် ပြတ်ရွေ့ များကြောင့် ကျောက်များ ကွဲအက်ပြီး ဥမင် ဖောက်လုပ်ရေးမှာ ရှုပ်ထွေး စေခဲ့ပါတယ်။
ဘူမိဗေဒ ရှေးဦးလေ့လာမှုများကို ၁၉၄၆ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းလေ့လာမှုများတွင် ပင်လယ်ကြမ်းပြင်အောက် တူးယူစမ်းသပ်ခြင်း၊ အသံလှိုင်း ဖြင့် စမ်းသပ် တိုင်းတာခြင်း (sonic surveys)၊ ရေငုပ် သင်္ဘောဖြင့် အပေါက်ဖောက် လေ့လာခြင်း၊ ငလျင်နှင့် သံလိုက် စက်ကွင်းများ အတွက် တိုင်းတာခြင်းများ ပါဝင်ပါတယ်။ သို့သော်ငြားလည်း ပိုမို တိကျစွာ သိရှိနိုင်ရန် အတွက် ရေပြင်ညီ ရှေ့ပြေး ဥမင် (pilot tunnel) ဖောက်လုပ်ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ ကြပါတယ်။
ဥမင်ဖောက်လုပ်ခြင်းကို တောင်ဘက် အဆုံးပိုင်း နှင့် မြောက်ဘက် အဆုံးပိုင်း နှစ်ဘက် စလုံးမှ တပြိုင်နက်တည်း စတင် ဖောက်လုပ်ခဲ့ပါတယ်။ ကုန်းပိုင်း ဖောက်လုပ်မှုများကို သာမန် တောင်များ အကြားဖောက်လုပ်မှု နည်းလမ်းဖြင့် ဖောက်လုပ်ခဲ့ပြီး ပင်မ ဥမင်တစ်ခုသာ ပါဝင်ပါတယ်။ ၂၃ ဒဿမ ၃ ကီလိုမီတာ အရှည်ရှိတဲ့ ပင်လယ်ရေအောက် အပိုင်းကိုတော့ ဥမင် ၃ ခုကို သက်ဆိုင်ရာ အရွယ်အစားများဖြင့် ဖောက်လုပ်ခဲ့ပါတယ်။ ရှေ့ပြေး ဥမင် (pilot tunnel)၊ ၀န်ဆောင် ဥမင်(service tunnel) နှင့် ပင်မဥမင် (main tunnel) တို့ပါဝင်ပါတယ်။ ၀န်ဆောင် ဥမင် နှင့် ပင်မဥမင် တို့ကို မီတာ ၆၀၀ နှင့် ၁၀၀၀ ကြားတစ်ခါ ဆက်သွယ်ရေး ဥမင်များဖြင့် ဆက်သွယ်ထားပါတယ်။ အလယ်ပိုင်း ၅ ကီလိုမီတာခန့်မှာတော့ ရှေ့ပြေးဥမင် ကို ၀န်ဆောင်ဥမင် အဖြစ် အသုံးပြုခဲ့ပါတယ်။
ကျောက်များရဲ့ ကွဲပြားခြားနားတဲ့ သဘာဝနှင့် သရွတ်ကိုင် (grouting) ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကြောင့် ဆူဂါရူ ရေလက်ကြားအောက် မှာတော့ ဥမင်တူးဖော်စက် (TBM) များအသုံးပြု တူးဖော်ခြင်းကို ဥမင်အလျား ၂ ကီလိုမီတာ မပြည့်ခင်မှာပဲ စွန့်လွှတ်ခဲ့ရပါတယ်။ ဒိုင်းနမိုက်များနှင့် စက်ပစ္စည်းများကို အသုံးပြုကာ ဆက်လက် ဖောက်လုပ် ခဲ့ကြပါတယ်။
မီးရထားလမ်း အသုံးပြုမှုအနေနဲ့ လောလောဆယ် မှာတော့ ကျဉ်းမြောင်းတဲ့သာမန် ရထားလမ်းကိုသာ ၎င်းအမြွာဥမင် အတွင်းမှာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဟော့ကိုင်းဒိုး ရှင်ကန်ဆန် ရထားလမ်း (၂၀၀၅ ခုနှစ်မှာ စတင်ဖောက်လုပ် ခဲ့ပါတယ်။) မှာတော့ နှစ်မျိုးသုံး ရထားလမ်းများကို တပ်ဆင်ခဲ့ပါတယ်။ ရှင်ကန်ဆန် ရထားနှင့် ဟာကိုဒိတ်မြို့အထိ အရောက်လှမ်း နိုင်အောင် (၂၀၁၅ ခုနှစ် ရည်မှန်းချက်) စီမံခဲ့ပြီး တကယ်တမ်း မှာတော့ ဆပ်ပိုရိုမြို့ အထိ ဖြစ်ပါတယ်။ ဥမင်အတွင်းမှာ ၅၂ ကီလိုမီတာ အရှည်ရှိ တဆက်တစပ်တည်း ရှိတဲ့ ဂဟေဆက် ရထားလမ်းကို တပ်ဆင် ထားပါတယ်။
ဥမင်အတွင်းမှာတော့ တပ်ပီ-ကိုင်တိုင် မြေအောက်ဘူတာနှင့် ယိုရှီအိုကာ-ကိုင်တိုင် မြေအောက် ဘူတာ နှစ်ခုရှိပါတယ်။ ၎င်း ဘူတာများကတော့ မီးဘေး နှင့် အခြား မတော်တဆမှုများ အတွက် အရေးပေါ်ထွက်ပေါက် အနေနှင့် အသုံးပြုနိုင်ပါတယ်။ လုံခြုံရေးစနစ်အနေနှင့် ကင်မရာများ တပ်ဆင်ထားခြင်း၊ မီးအရေးပေါ် အချက်ပေးစနစ် တပ်ဆင်ထားခြင်း၊ အလိုအလျောက် မီးငြိမ်းသတ်စနစ် တပ်ဆင်ထားခြင်းများ ပြုလုပ် ထားရှိပါတယ်။ ထို့အပြင် ဥမင်နှင့် ပတ်သက်သော သမိုင်းကြောင်းနှင့် လုပ်ဆောင်ပုံများကို ပြတိုက်တစ်ခုသဖွယ် ခရီးသွားများ လေ့လာနိုင်အောင် စီမံထားပါတယ်။ သို့သော် ယခုအခါတွင် တပ်ပီ-ကိုင်တိုင် မြေအောက်ဘူတာ တွင်သာ ထိုပြတိုက်စနစ်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ ယိုရှီအိုကာ-ကိုင်တိုင် မြေအောက်ဘူတာကို ဟော့ကိုင်းဒိုး ရှင်ကန်ဆန် ရထားလမ်း ဖောက်လုပ်ရေးအတွက် ဖျက်သိမ်းခဲ့ပါတယ်။ ၎င်းမြေအောက်ဘူတာ နှစ်ခုမှာ ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ပင်လယ် ရေအောက်ဘူတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်တွင် အရှည်ဆုံးရထား ဥမင် တစ်ခု ဖြစ်သော်လည်း လေကြောင်း ပို့ဆောင်ရေး ရဲ့ လျင်မြန်မှု၊ ဈေးနှုန်း သက်သာမှုတို့ကြောင့် လူသားတို့ရဲ့ အသုံးပြုမှုမှာ လျော့နည်းလာတာ ကိုတွေ့ရပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံ ရဲ့ ဥမင် ဖောက်လုပ်ရေး နည်းပညာဆိုင်ရာ ပြယုဂ်တစ်ခု အဖြစ် ရပ်တည် သွားနိုင်မှာ ဖြစ်ပါတယ်။ နောင်လာ နောင်သားများ အနေနှင့် လည်း ပို့ဆောင်ရေးကဏ္ဍတွင် ဖောက်လုပ်ရေး နည်းပညာများ သာမက လျင်မြန်မှု၊ လုံခြုံမှု၊ ဈေးနှုန်သက်သာမှု စတဲ့အချက် များကိုပါ ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ပါတယ်။
ဆက်လက်လေ့လာလိုသူများအတွက်..
Aomori Prefecture Government site about Hokkaidō shinkansen

ပုံညွှန်း
(၁) ပင်မဥမင် (၂) ၀န်ဆောင်(အရံ) ဥမင် (၃) ရှေ့ပြေးဥမင် (၄) ဆက်သွယ်ရေးဥမင်

ယခုပို့စ်ကို Sunday, May 13, 2007 တွင် ရေးသားထားတာဖြစ်ပြီး
Transport
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
No Comment
Labels:
Transport
ဂျပန်နိုင်ငံတွင် လက်ရှိအသုံးပြုနေသော မြန်နှုန်းမြင့် မီးရထားများ အကြောင်း ကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါသည်။ ဂျပန်နိုင်ငံအား မီးရထား နန်းတော်ဟု တင်စားခေါ်ဝေါ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော် တိုကျို၏ မြေအောက်ကမ္ဘာတွင် မက်ထရိုလိုင်းပေါင်း (၁၂) လိုင်းနှင့် နေ့စဉ် သယ်ယူ ပို့ဆောင်ရေးကို ဖြေရှင်း နေရုံသာမက နိုင်ငံတွင်း သယ်ယူ ပို့ဆောင်ရေး တွင်လည်း ရထား ပို့ဆောင်ရေးသည် အရေးပါသော ကဏ္ဍတွင် ပါဝင်သောကြောင့် ဖြစ်ပါသည်။
စစ်တမ်းများအရ ဂျပန်နိုင်ငံတွင် ၂၀၀၅ ခုနှစ် ရထားပို့ဆောင်ရေးတွင် မိုင်ပေါင်း ၂၄၃ ဘီလီယံ ထိရောက်ရှိ ခဲ့ပါသည်။ မြို့များအကြား သယ်ယူပို့ဆောင်ရေးတစ်ခုတည်းမှာပင် မိုင်ပေါင်း ၄၉ ဘီလီယံ ရှိခဲ့သည်။ ထိုကဲ့သို့ မြို့တစ်မြို့နှင့် တစ်မြို့ကြား သယ်ယူ ပို့ဆောင်ရေးအတွက် ရှင်ကန်ဆန်(shinkansen) ခေါ် ကျည်ဆန်ရထားကို အသုံးပြုခဲ့ပါသည်။ ၄င်းရထား၏ အမြန်နှုန်း မှာလည်းမသေးလှပါ။ သို့သော်လည်း ဂျပန်လူမျိုး များသည် ၄င်းထက်ပိုမို လျင်မြန်သော ရထားကို တီထွင်နိုင်ရန် ကြိုးပမ်းအားထုတ် လျှက်ရှိပေသည်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုမှ အစပြု လျှပ်စစ်သံလိုက်(maglev) ရထားကို အသုံးပြုနိုင်ရန် တိုကျို မြို့၏ အနောက် ဘက် မိုင် (၅၀) အကွာရှိ ယာမာနာရှီ (Yamanashi) မြို့ တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။
ယူပုံသဏ္ဌာန် သံလိုက်ရထားလမ်း နှင့် ၄င်းပေါ်ရှိ ရထားတွဲဆိုင်း တို့တွင် သံလိုက်များကို တပ်ဆင်အသုံးပြု ထားပါသည်။ ထိုသံလိုက်များ၏ တွန်းကန်အားသည် ရထားတွဲဆိုင်း အား လမ်းအထက် (၁၀) စင်တီမီတာ မြောက်တက်နေ စေသည်။

‘maglev’ ဆိုသည်မှာ magnetic သံလိုက်နှင့် levitation မြောက်တက်ခြင်း၊ကြွတက်ခြင်း တို့၏အတိုကောက် ဖြစ်သည်။ ထိုသံလိုက်များ၏ တွန်းအားသည် ရထားကို ရှေ့သို့ လျင်မြန်စွာ ရွှေလျားစေသည်။ အဘယ်ကြောင့် ဆိုသော်လေ၏ ပွတ်တိုက်အားသည် သံလမ်း၏ ပွတ်တိုက်အား ထက်လျှော့နည်းသောကြောင့် ဖြစ်ပါသည်။
ယာမာနာရှီစမ်းသပ်ချက်များအရ maglev ၏ အမြန်နှုန်းမှာ (၂၀၀၃) ခုနှစ်တွင် တစ်နာရီလျှင်(၃၆၁) မိုင်ရှိ၍ ပျှမ်းမျှ မိုင်နှုန်းမှာ တစ်နာရီလျှင် (၃၁၀) မိုင် ဖြစ်သည်။ ယခုအချိန်တွင် maglev မှာစမ်းသပ် ရထားလမ်းပိုင်းအရှည် (၁၁) မိုင်တွင်သာ စမ်းသပ်ဆဲဖြစ်သည်။

ထိုရထားသည် စတင် ထွက်ခွာစတွင် သာမန်ရထားများကဲ့သို့ပင် ရွေလျားသည်။ တစ်နာရီလျှင် (၈၁) မိုင်နှုန်း ရောက်ရှိမှသာ သံလိုက် တွန်းကန်အားဖြင့် ခုတ်မောင်းသည်။ ထိုအချိန်တွင် ဖြစ်ပေါ်လာမည့် ခံစားမှုမှာ လေယာဉ်ပျံတစ်စင်း လေယာဉ်ကွင်းမှ ပျံတက်ချိန်တွင် ရှိသည့်အလျင်ကဲ့သို့ပင် ဖြစ်သည်။ မိုင်နှုန်းမှာ (၃၁၀) မိုင်နှုန်းဖြစ်သည်။
ရထားသည် လေကိုလျင်မြန်စွာ ထိုးခွင်းမှုကြောင့် ရထား၏ ပတ်ဝန်းကျင်တွင် အသံများ ဆူညံ နေပါသော်လည်း ရထားအတွင်း၌မူ လေယာဉ် အတွင်းပိုင်း ကဲ့သို့ပင် တိတ်ဆိတ် နေပေမည် ဖြစ်ပါသည်။
ရထားသည် လေကိုလျင်မြန်စွာ ထိုးခွင်းမှုကြောင့် ရထား၏ ပတ်ဝန်းကျင်တွင် အသံများ ဆူညံ နေပါသော်လည်း ရထားအတွင်း၌မူ လေယာဉ် အတွင်းပိုင်း ကဲ့သို့ပင် တိတ်ဆိတ် နေပေမည် ဖြစ်ပါသည်။
သင့်အနေဖြင့် ထိုအမြန်နှုန်းကို ခံစားမိရုံအတွင်းမှာပင် ခရီးစဉ် အဆုံးကို ရောက်ရှိနေပြီ ဖြစ်သည်။ ညင်သာသော ရပ်တန့်မှုနှင့်အတူ maglev မှာ၎င်း၏ ဘီးပေါ်တွင် ရပ်နားနေပေပြီ။

ထို maglev ပရောဂျက် မန်နေဂျာ၏ အဆိုအရ ရထားစီးပြည်သူများ အနေဖြင့် ၄င်း maglev ရထား ပေါ်တွင် ကော်ဖီပူပူကို ဇိမ်ခံ သောက်သုံး နိုင်သည်အထိ တည်ငြိမ်မှု ရရှိအောင် အသေးစိတ် ပြင်ဆင်မှုများကို ပြုလုပ်သွား မည်ဟု သိရှိရပါသည်။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာရန် အတွက် အချိန်များစွာ လိုအပ်ပေ သေးသည်။ maglev ၏အမြန်နှုန်းတိုးတက်လာသည်နှင့်အမျှ ၄င်းအတွက် ကုန်ကျစရိတ် မှာလည်း များပြားလာခဲ့သည်။
ဂျပန်နိုင်ငံ၏ အသုံးအများဆုံး ရထားလမ်းပိုင်းဖြစ်သော (၃၄၂) မိုင် အရှည်ရှိသည့် တိုကျို-အိုဆာကာ ရထားလမ်းပိုင်း အား maglev ဖြင့်တည်ဆောက်မည်ဆိုပါက ခန့်မှန်း ဒေါ်လာ ဘီလီယံ (၇၀) မျှ ကုန်ကျမည် ဖြစ်ပေသည်။
Maglev ရထားများသည် သာမန်အားဖြင့် ကျည်ဆန်ရထားများ၏ စွမ်းအင်သုံးစွဲမှု၏ (၃)ဆအား သုံးဆွဲ ပေသည်။ ထိုကဲ့သို့သုံးစွဲချိန်တွင် မက်လဗ် သည် ကျည်ဆန်ရထား၏ အမြန်နှုန်းထက် (၂) ဆသာ ပိုသေး သည်။ ဤကဲ့သို့ အားနည်းချက်များ ရှိနေသော်လည်း maglev ကိုအကောင်အထည် ဖော်နေ သည်မှာ အဘယ် ကြောင့်နည်း။
maglev အသုံးပြု ခရီးသွားလာခြင်းသည် လေယာဉ်ပျံဖြင့်သွားလာခြင်းထက် အချိန်ကုန် သက်သာ သည့်အပြင် ပိုမို၍ သက်တောင့် သက်သာ ရှိသောကြောင့် ဖြစ်ပေသည်။ maglev ၏ တစ်ခုတည်းသော အားသာချက် ပင်ဖြစ်သည်။
ပြည်သူ့အကြွေးသည် နိုင်ငံ GDP ၏ (၁.၅)ဆ ဖြစ်နေသော၊ နိုင်ငံ၏ လူဦးရေတိုးနှုန်းမှာ အနှုတ် လက္ခဏာ ပြနေသော ဂျပန်နိုင်ငံ အတွက် ထိုကုန်ကျမှုမှာ တားမြစ်ချက် တစ်ရပ် ဖြစ်နေတော့သည်။
ဂျပန်နိုင်ငံကဲ့သို့ ကျည်ဆန်ရထားကဲ့သို့အမြန်နှုန်းမြင့် ရထားများကို ပိုင်ဆိုင်ထားသောနိုင်ငံ အတွက် ထို့ထက်နှေးသော သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ကျေနပ်မှု မရှိနိုင်ကြောင်း တွေ့ရှိရသည်။ထိုကြောင့် အနာဂတ်ကမ္ဘာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျင်မြန်မှု၊ သက်တောင့်သက်သာရှိမှု၊ ဘေးကင်း မှုများ ကို မည်မျှအထိ ဆောင်ရွက်နိုင်မည် ၊ လူသားများ၏ အစွမ်းပကား၊ အင်ဂျင်နီယာများ၏ တီထွင်နိုင်စွမ်းအား မည်မျှအထိ ရှိမည်ကို မှန်းဆရန် ခက်ခဲကြောင်း သုံးသပ် တင်ပြ လိုက်ရပါသည်။
ယခုပို့စ်ကို Sunday, April 15, 2007 တွင် ရေးသားထားတာဖြစ်ပြီး
Transport
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
Subscribe to:
Posts (Atom)